ကျွန်တော်ကိုယ်တိုင်ရေးဖို့အချိန်မရပါဘူး ဒါကြောင့် နာမည်ကြီးနေသောWebsite တချို့မှသတင်း ပေါင်းစုံ Copyလုပ်ပြီးတင်ပြထားပါတယ် တခါတရံလဲ ကိုယ်တိုင်ရေးပါတယ်
Wednesday, August 7, 2013
မြန်မာ့ ပညာရေး - သူငယ်တန်း (Kinder Garden)
နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးစနစ် အကျိုးရှိ၊ မရှိကို အများအားဖြင့် မျဉ်းကွေးစနစ်နဲ့တိုင်းတာ တာကို တွေ့ရပါတယ်။ ကျောင်းသားအယောက် (၁၀၀) အပေါ်မှာ အုပ်စု သုံးစုခွဲပြီး ကြည့်ပါတယ်။ ကျောင်းသား အယောက် (၁၀၀)မှာ အလွန်တော်တဲ့ ကျောင်းသား တနည်းအားဖြင့် ဘာသာအားလုံးပေါင်းရဲ့ ပျမ်းမျှအမှတ်ဟာ (၈၀)မှတ် အထက်မှာရတဲ့ ကျောင်းသားတွေကို (A) အုပ်စုလို့ သတ်မှတ်ပါတယ်။ ပျမ်းမျှအမှတ် (၅၀) မှ (၈၀) အကြားရတဲ့ ကျောင်းသားတွေကို (B) အုပ်စုလို့ သတ်မှတ်ပါတယ်။ ပျမ်းမျှအမှတ် (၅၀) အောက်ရတဲ့ ကျောင်းသား တွေကို (C) အုပ်စုလို့သတ်မှတ်ပါတယ်။
ကျောင်းသား (၁၀၀) ကို အုပ်စု A,B,C ခွဲလိုက်တဲ့အခါမှာ (A) အုပ်စု (၁၀)ယောက် ၊(B) အုပ်စု (၆၅) ယောက်၊ (C)အုပ်စု (၂၅)ယောက် ဆိုရင်မျဉ်းကွေးစနစ်မှာ ပုံ(၁) ဖြစ်ပါတယ်။ ဒီရလဒ် အပေါ်မှာ ကျင့်သုံးနေတဲ့ ပညာရေးစနစ်ကို အောင်မြင်တဲ့ ပညာရေးစနစ်လို့ ယူဆနိုင်ပါတယ်။ ကျောင်းသားအယောက် (၁၀၀) မှာ အုပ်စု (A) အလွန်တော်တဲ့ ကျောင်းသား ၁၀% ရှိပေမဲ့ ဒီရာခိုင်နှုန်းဟာ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာမှာ အားထားလောက်တဲ့ ရာခိုင်နှုန်း မဟုတ်ပါဘူး။ နိုင်ငံအတွက် အားထားရမည့် အုပ်စုက အုပ်စု (B) ဖြစ်ပါတယ်။ အလယ်အလတ် ဥာဏ်ရည်ရှိတဲ့ အုပ်စု (B) မှာ ကျောင်းသားအရေအတွက်များလေလေ နိုင်ငံ အတွက် အကျိုးရှိ လေလေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၁၃ ခုနှစ် (၁၀)တန်း အောင်ချက် ရာခိုင်နှုန်းကို မျဉ်းကွေးစနစ်နဲ့ တိုင်းထွာ လိုက်တဲ့အခါ မှာ အောင်ချက် ပထမ ရတဲ့ မွန်ပြည်နယ် တောင်မှ ၄၉% ဘဲ အောင်ပါတယ်။ အဲဒီ အထဲမှာ ဂုဏ်ထူးထွက်တဲ့ အရေအတွက်ဟာ ၁၀% မကျော်ပါဘူး။ ပုံ(၂) ဒါဆိုရင် နိုင်ငံအတွက် အားထားနိုင်မဲ့အုပ်စု (B) ရဲ့ ရာခိုင်နှုန်း နည်း နေပြီးတော့ အုပ်စု (C) မှာရာခိုင်နှုန်းသွားပြီးများနေတာကို တွေ့ရမှာပါ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေး အဆင့်နိမ့်နေတယ်လို့ ပညာရှင်တွေက ဝေဖန်ကြတာပါ။ ပညာရှင်တွေမှာ ပညာရေးစနစ်ရဲ့ အောင်မြင်မှုကို တိုင်း တာတဲ့ နည်းစနစ်တွေရှိပါတယ်။ လေဖန်းဒန်းစီးပြောတာ မဟုတ်ပါဘူး။
ပညာရေးစနစ်ကို ပြင်မယ်ဆိုရင် အောက်ခြေကစပြီး ပြင်ရမယ်လို့ပြောကြပါတယ်။ ဟုတ်ပါပြီ ဘယ်လို ပြင်ကြမှာလဲ။ ၂၀၁၄ ခုနှစ်မှာ သူငယ်တန်း (K.G) တစ်တန်းတိုးမယ်လို့ ပြောကြပါတယ်။ သူငယ်တန်းကို တစ်တန်းတိုးလိုက်တာနဲ့ ပညာရေးစနစ်ကောင်းလာမှာလား။ ဘယ်လိုရည်ရွယ်ချက်နဲ့ (K.G) ဆိုတဲ့ သူငယ်တန်း ကို တစ်တန်းတိုးရတာလဲ။ ဟိုအရင် အင်္ဂလိပ်ခေတ်က ကိုယ်ပိုင်ကျောင်းတွေမှာ (K.G) (A) နှင့် (K.G) (B) ဆို ပြီး သူငယ်တန်းမှာ (၂)နှစ် နေရတာကို ပြန်စဉ်းစားပြီး သူငယ်တန်းကို တစ်တန်းထပ်တိုးလိုက်တာဆိုရင်တော့ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။
အမှန်တော့ သူငယ်တန်းဆိုတာ စာသင်တာကို ဦးစားပေးတဲ့ အတန်း မဟုတ်ပါဘူး။ သူငယ်တန်း (Kinder Garden) ရဲ့ရည်ရွယ်ချက်ကိုက ကလေးသူငယ်များအတွက် ဥယျာဉ်လို့ အဓိပ္ပါယ် ရပါတယ်။ သူငယ် တန်း မှာ ကျောင်းစနေတဲ့ ကလေးတွေကို ကျောင်းမှာပျော်လာအောင် အများနဲ့ အတူ နေထိုင်တတ်အောင် စည်းကမ်း ဆိုတာ ကြောက်စရာကောင်းတဲ့ သတ်မှတ်ချက် မဟုတ်ဘဲ လူတစ်ဦးချင်း လိုက်နာသင်တဲ့၊ လူပီသစေတဲ့၊ အကျင့်စရိုက်တွေဆိုတာ ကလေးတိုင်း တဖြေးဖြေး သဘောပေါက်ပြီး လိုက်နာကျင့်သုံး လာအောင် လေ့ကျင့်ပေးတဲ့ အတန်းပါ။ ပါးစပ်နဲ့ ပြောနေရုံ သက်သက် တုတ်တစ်ချောင်းကိုင်ပြီး လေ့ကျင့်ပေးရုံ သက်သက် မဟုတ်ဘဲ ဆရာ၊ ဆရာမတွေက စိတ်ရှည်ရှည်နဲ့ ပြုစုပျိုးထောင်ပေးရမှာပါ။ သူငယ်တန်းက ဆရာ၊ ဆရာမတွေဟာ တုတ်မကိုင်ရပါဘူး။ ကလေးကို ကြောက်စိတ်မဖြစ်စေရပါဘူး။ ထမင်းစားချိန်မှာ သေသေ သပ်သပ် စားသောက်တက်လာအောင် လေ့ကျင့်ပေးရပါတယ်။ နေလည်နေ့ခင်း အိပ်ချိန်မှာ စနစ်တကျ အိပ် တတ်အောင်၊ ကစားချိန်မှာ အများနဲ့ အတူပျော်ပျော်ရွှင်ရွှင် ကစားတတ်အောင် လေ့ကျင့်ပေးရပါတယ်။ ကဗျာ တွေ၊ သီချင်းတွေကိုသင်ပေးတဲ့ အခါမှာလဲ လူကြီးတွေကို သင်သလို စည်းစနစ်တကျ အတိအကျမဟုတ်ဘဲ ကလေး ပျော်ရုံသက်သက်၊ ဆိုနိုင်ရုံ၊ ရွတ်နိုင်ရုံ သင်ပေးရပါတယ်။ အရေးကြီးတာက ဒီအရွယ်ကလေးတွေရဲ့ အသိဥာဏ်နဲ့ ဦးနှောက်ထဲမှာ ဘာမှလေးလေးပင်ပင် ကြီးကြီးမားမားတွေကို မထည့်သွင်းရပါဘူး။ လွတ်လပ် ပျော်ရွှင်စွာနဲ့ ကလေးတိုင်းကို ကြီးပြင်းစေရပါတယ်။ သူငယ်တန်းရဲ့ အဓိက ရည်ရွယ်ချက်က ကလေးတွေကို ယဉ်ကျေးဖို့နဲ့ အများနဲ့အတူနေတတ်တဲ့ အလေ့အကျင့်လေး ရရုံ သက်သက် လေ့ကျင့်ပေးရင်းနဲ့ လူပီသတဲ့ အခြေခံ လူ့စိတ်ထားလေး ထားတတ်အောင် ပျိုးထောင်ပေးရပါတယ်။ သူငယ်တန်း ဒုတိယနှစ် ရောက်တဲ့အခါမှ စာနည်းနည်းစသင်ပါတယ်။ ဒါပေမဲ့ စာမေးပွဲ မရှိရပါဘူး။ (K.G) (A) နှင့် (K.G) (B) ဟာနှစ်ကုန်ရင် အတန်း တက်ပေးတဲ့ စနစ်ကို ကျင့်သုံးပါတယ်။
စာမေးပွဲဆိုတဲ့ ဖြစ်စဉ်မှာ ယှဉ်ပြိုင်ချင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းဆိုတဲ့ အချက်တွေပါလာပါတယ်။ သိပ်ငယ်သေးတဲ့ ကလေးတွေကို အဲဒီလိုအခြေအနေနဲ့ ပေးမတွေ့ရပါဘူး။ ကလေးဆိုတာ လွတ်လပ် ပျော်ရွှင်စွာ ကြီးပြင်းစေရပါတယ်။ ငယ်ငယ်ကလေးတည်းက ကလေး အချင်းချင်း ယှဉ်ပြိုင်ခိုင်းလိုက်ရင် နိုင်တဲ့ကလေးမှာ ဂုဏ်ယူမှုမာနဆိုတာဖြစ်သွားပြီး ရှုံးနိမ့်တဲ့ ကလေးမှာတော့ ကြောက်စိတ် အားငယ်စိတ်တွေ ၀င်သွားနိုင်ပါတယ်။ ဒီစိတ်တွေဟာ တသက်လုံး အရိုးစွဲသွားနိုင်ပါတယ်။
ကလေးတွေကိုပြုစု ပျိုးထောင်ရာမှာ စိတ်နှလုံးလှပြီး စည်းစနစ်ကျဖို့ လေ့ကျင့်ပေးရသလို တပြိုင်နက်ထဲ မှာဘဲ ကလေးတွေရဲ့ စိတ်ထဲမှာဒဏ်ရာမရအောင် အနိုင်ယူလိုစိတ်၊ နိုင်ထက်စီးနင်းစိတ်၊ မနာလိုစိတ်၊ မုန်းတီးစိတ်၊ ကြောက်စိတ်၊ အားငယ်စိတ် စတာတွေမဖြစ်ရလေအောင် အလွန်သတိထားဖို့လိုအပ်ပါတယ်။ တချို့ စိတ်သဘောထားတွေဟာ တခုနဲ့ တခု နီးစပ်ပေမဲ့ မတူကြဘူး။ ဥပမာ ယဉ်ကျေးမှုနဲ့ ရိုသေမှုမှာ ယဉ်ကျေး မှုက ကိုယ်နှုတ်အပြုအမှု သိမ်မွေ့မှုကိုဆိုလိုပြီး ရိုသေမှုမှာကြတော့ လေးစားမှု၊ အားနာမှု၊ ဦးစားပေးမှု တွေပါလာ ပါတယ်။ အလားတူဘဲ ယှဉ်ပြိုင်လိုမှုနဲ့ အနိုင်ရလိုမှုမှာ ယှဉ်ပြိုင်မှုမှာ ရိုးသားမှုက အဓိကဖြစ်ပြီး အနိုင်ရလိုမှုမှာကျ တော့ တရားတဲ့နည်းလမ်းတွေသာမက မတရားတဲ့နည်းလမ်းတွေပါသုံးလာတတ်ပါတယ်။
ဒီလောက် အသေးစိတ်ဖြစ်တဲ့ စိတ်နေစိတ်ထားတွေကို ဘာမှမသိသေးတဲ့ ကလေးတွေကို လေ့ကျင့်ပေး ဖို့ဆိုတာ အလွန်ပညာသားပါတဲ့ အလုပ်ဖြစ်ပါတယ်။ ကလေးတွေကို စကားလုံးတွေနဲ့ ရှင်းပြလို့လဲမရပါဘူး။ သိမှာ မဟုတ်လို့ပါ။ အတင်းအဓမ္မ္မ္မ္မ လုပ်ခိုင်းလို့လည်းမဖြစ်ပါဘူး။ ဆရာ၊ ဆရာမတွေက အခါအခွင့်ကြုံတဲ့အချိန် မှာ တဖြေးဖြေးချင်း လုပ်ဆောင်ပြပြီး လေ့ကျင့်ပျိုးထောင်ပေးရပါတယ်။ ဒါကြောင့် သူငယ်တန်းကို အချိန် ၂ နှစ် ယူထားရတာပါ။ ဆရာ၊ ဆရာမကိုယ်တိုင်က ယဉ်ကျေးသိမ်မွေ့ဖို့ လိုအပ်ပါတယ်။ ဆရာတွေဟာ ကလေးတစ်ဦး ချင်းစီးရဲ့ သဘာဝ၊ စိတ်သဘောထားကို သိအောင်ကြိုးစားပြီး တစ်ဦးချင်းကို ကူညီနိုင်ရပါမယ်။ ဒီအတန်းတွေကို သင်ကြားဖို့ ဘွဲ့ရပြီးခါစ အတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေကို ခန့်လို့မရပါဘူး။ တချို့နိုင်ငံတွေမှာဆိုရင် သူငယ်တန်းနဲ့ မူလတန်းပြ ဆရာ၊ ဆရာမတွေကို အတွေ့အကြုံရင်ကျက်ပြီးတဲ့ ဆရာ၊ ဆရာမတွေကို အထူးရွှေး ချယ် ခန့်အပ်ထားကြပါတယ်။ ပညာရေးစနစ် တစ်ခု အစပြုပျိုးထောင်တဲ့ အတန်းဖြစ်သလို လူတစ်ယောက်ကို လူပီသအောင် လေ့ကျင့်သင်ကြားပေးတဲ့ အတန်းဖြစ်တာမို့ အလွန်အရေးကြီးပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment